ဘဝမှာ လူတိုင်းချမ်းသာကြွယ်ဝမှုကို လိုချင်ကြတယ်။ တကယ်တော့
ချမ်းသာဖို့ ဆိုတာ အရမ်းကြီး မခက်ပါဘူး။ ဒါပေမယ့် လူအတော်များများက ဘယ်လောက်ပဲ ကြိုစားကြိုးစား အတိုင်းသာ တစ်ခုထက်တစ်ခုထက်ပြီး မချမ်းသာနိုင်တာ ဘာကြောင့်ပါလဲ
ငွေကြေးပတ်သက်ပြီး ပိတ်မိလေ့ရှိတဲ့ ထောင်ချောက်ကတော့ သိသာထင်ရှားတဲ့ ဉပမာ ပေးရရင်တော့ အရမ်းမချမ်းသာသေးခင်မှာ Gucci ခါးပတ်ကို အကြွေး ဝယ်ကတ်နဲ့ ဝယ်လိုက်တာမျိုးပါ။ အကြွေးဝယ်ကတ်ဆိုတော့ အတိုးကလည်း ရှိပြီး ဇိမ်ခံပစ္စည်းဆိုတာကလည်း ဝယ်လိုက်တာနဲ့ တန်ဖိုးက တဖြည်းဖြည်းကျသွားတာကို အတော်များများလည်း သတိထားမိမှာပါ။ ဒါက အရမ်းမြင်သာတဲ့ ငွေကြေး ထောင်ချောက်ဥပမာဆိုတော့
ဒါပေမဲ့ တချို့ ထောင်ချောက်တွေကတော့ မသိသာဘူး။ လူတွေ သတိမထားမိတဲ့ အခြား ငွေကြေးနဲ့ ပတ်သက်တဲ့ ထောင်ချောက် ၁၀ခု အကြောင်းကို မျှဝေပေးချင်ပါတယ်။
1) ပထမဆုံး တစ်ချက်ကတော့ ဆင်းရဲတဲ့သူတွေဆီက အကြံဉာဏ်တောင်းခြင်းကို ရှောင်ပါ။
ဒါက လူတန်းစားခွဲခြားတဲ့သဘောပြောတာမဟုတ်ပါဘူး။ ကိုယ်တိုင် ချမ်းသာအောင် မလုပ်ဖူးတဲ့သူဆီက အကြံဉာဏ်တွေယူခြင်းက ဘာမှ ထူးခြားတဲ့ သင်ခန်းစာရမှာမဟုတ်ပါဘူး။ ကိုယ်တိုင်တောင် ငွေကို ဘယ်လို စီမံရမလဲ၊ ရင်းနှီးမြှုပ်နှံရမလဲ၊ ဘာတွေ ဝယ်သင့်လဲ၊ ဘယ်လို ငွေကို တိုးပွားအောင်လုပ်မရဆိုတာ လက်တွေ့မလုပ်ဖူးပဲ ပေးတဲ့ အကြံဉာဏ်တွေကို မယူစေချင်တာပါ။
စိတ်မကောင်းစရာက လူအများစုက ငွေကို ဘယ်လို စီမံရမလဲမသိကြတဲ့ အပြင် ရင်းနှီးမြှုပ်နှံမှုကိုလည်း သေချာမလုပ်ဖူးကြပါဘူး။ အဲ့တာကြောင့် ချမ်းသာတဲ့၊ကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး အောင်မြင်နေတဲ့ လူတွေပြောတဲ့ အကြံဉာဏ်တွေကို ယူတာက ပိုကောင်းပါတယ်။
ပြီးတော့ လူအများလိုက်လုပ်တဲ့ ကျော်ကြားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို လိုက်မလုပ်စေချင်ပါဘူး။ အဲ့ဒီလို အချက်တွေကို လေ့လာတဲ့အခါ အရမ်းသတိထားရပါမယ်။ လူတိုင်းအလွယ်တကူ လိုက်လုပ်နိုင်တဲ့အချက်တွေက ချမ်းသာခြင်းနဲ့ ဝေးနေပါတယ်။ တစ်ချို့ လူချမ်းသာတွေလုပ်တဲ့ မြင်တဲ့ အမြင်တွေဆိုရင် သင့်အတွက် ထူးခြားကောင်း ထူးခြားနေမှာဖြစ်ပေမယ့် တကယ် အလုပ်ဖြစ်တဲ့ နည်းလမ်းတွေပါ။
အဓိကကတော့ လူအများစုလိုက်လုပ်တဲ့ နည်းလမ်းတွေကို ရှောင်ဖို့ပါပဲ။ လူအတော်များများဟာ စုငွေမရှိတတ်ကြပဲ တစ်လတစ်လ လစာနဲ့ပဲ ဖြတ်သန်းနေကြတာများတော့ သူတို့ပေးတဲ့ အကြံဉာဏ်တွေက တကယ် ချမ်းသာရေး နည်းလမ်းနဲ့ ဝေးနေမှာပါ။ ဒါကောင့် တစ်ယောက်ယောက်က ငွေကို ဘယ်လို စုသင့်တယ်။ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ လာပြောနေရင် သင်ကော ဘယ်လောက် စုထားပြီးပြီလဲနဲ့ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံနေလဲ ဆိုတာ ပြန်မေးလိုက်ပါ။
2) စျေးကွက်စီးပွါးရေး စနစ်မှာ သုံးစွဲသူ မဖြစ်စေနဲ့။
နည်းနည်းများ ရှုပ်သွားမလား? တကယ်ဆိုလိုချင်တာက ကျွန်မတို့အားလုံးဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး စနစ်ထဲမှာ ရှင်သန်နေရတာဖြစ်လို့ အသုံးစရိတ်တိုင်းဟာ စီးပွားရေး စနစ်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ စားသုံးသူ တွေက ပိုက်ဆံ ပိုသုံးလေ လုပ်ငန်းတွေက ပိုက်ဆံပိုရလေပါ။ လုပ်ငန်းတွေက ပိုက်ဆံပိုရလေ နိုင်ငံကို အခွန်ပိုဆောင်နိုင်ပြီး စီးပွားရေးစနစ်ကကောင်းလေလို့ အကြမ်းဖျင်းမှတ်ယူထားလို့ရပါတယ်။ ဒီစီးပွားရေး စနစ်ကြီး ကြီးထွားလည်ပတ်နေဖို့အတွက် လူတွေဟာ ပိုက်ဆံပိုသုံးရပါတယ်။ အမေရိကန်နိုင်ငံကို Consumer Society လို့ တင်စားကြပြီး ဒီလိုဖြစ်တာက လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက်ကောင်းပါတယ်။ ဒါပေမယ့် တကယ်လို့ သင်က လုပ်ငန်းပိုင်ရှင်မဟုတ်ဘဲ စားသုံးသူပဲ ဖြစ်နေမယ်ဆိုရင်တော့ သိပ်မကောင်းပါဘူး။
အမေရိကမှာ လူအများစုက အကြွေးဝယ်ကတ်တွေကို သုံးပြီး လိုချင်တာတွေကို ဝယ်ရင်း ရုပ်၀တ္ထုတွေနောက်ကို တောက်လျှောက် လိုက်နေကြပါတယ်။ ဒီလို အကြွေးဝယ်ကတ်တွေ အရမ်းသုံးတဲ့ အခါကြာလာတော့ ကိုယ်ရှာနိုင်တာထက် ပိုသုံးမိပြီး အကြွေးတင်လာကာ အကြွေးပြန်ဆပ်ဖို့ ငွေပြန်ရှာလိုက် သုံးလိုက်နဲ့ ဒီစနစ်ထဲမှ ပိတ်မိသွားတတ်ပါတယ်။ အရစ်ကျနဲ့ မလိုအပ်တာတွေကို ကြော်ငြာတွေကြောင့် စိတ်ပြောင်းပြီး ဝယ်မိတဲ့အခါမှာလည်း ဒုက္ခပိုဖြစ်ပါတယ်။ Eg. iphone အသစ်ထွက်တိုင်း၀ယ်သုံးနေတာမျိုးပါ။
စနစ်က သင့်ကို ငွေပိုသုံးစေချင်ပြီး အဲ့ဒီလို သုံးတဲ့အတွက်ကိုလည်း အကြွေးအနေနဲ့ ချပေးထားတာမို့ ကိုယ်ကပါ အခြားလူတွေလို ရောယောင်ပြီး အဲ့ဒီ အနောက်ကိုပါသွားရင်တော့ အဆင်မပြေပါဘူး။ ပြီးခဲ့တဲ့ ကိုဗစ် ကာလကိုပဲကြည့်ပါ။ အစိုးရက Stimulus Check တွေပေးတဲ့အခါမှာ ရလာတဲ့ ပိုက်ဆံကို ချက်ချင်း သုံးပစ်မယ်ဆိုရင် ဒါဟာ အခြားသူကို ချမ်းသာအောင် လုပ်ပေးတာ ဖြစ်သွားပါပြီ။ အစိုးရကိုယ်တိုင်ကလည်း သာမန်လူတွေက ငွေအလွယ်ရတဲ့အခါ အလွယ်သုံးမယ်ဆိုတာကို သိတဲ့အတွက် အဲ့ဒီလို Stimulus Check တွေကို ထုတ်ပေးတာဖြစ်ပြီး လူအများစုကလည်း တကယ်ပဲ ပိုက်ဆံရတာနဲ့ ဝယ်ခြမ်းကြတာမို့ Amazon, Apple, Lululemon, Chipotle အစရှိတဲ့ အမှတ်တံဆိပ်တွေက ငွေပိုရပြီး စီးပွားရေးစနစ်က ပြန်အားကောင်းလာပါတယ်။ အဲ့တာာနဲ့ တစ်ဆက်တည်း အစိုးရကို လူတွေက ပိုထောက်ခံလာပြီး ပါဝါရှိသူတွေက ပိုကောင်းစားသွးတာပါ။
ဒီနေရာမှာ သင်က အခြားသူတွေလို စနစ်ထဲမှာ လိုက်မျောမသွားဘဲ ငွေကြေးနဲ့ ပတ်သက်တဲ့ Knowledge သာရှိမယ်ဆိုရင် သုံးသင့်တဲ့ အသုံးလိုတဲ့ နေရာမှာသာ သုံးပြီး ကျန်တာတွေကို ကိုယ့်အတွက် အကျိုးရှိစေမယ့် နေရာတွေမှာ ရင်းနှီးမြှုပ်နှံတာနဲ့ ငွေကို သေချာ စုဆောင်းတာမျိုးလုပ်ပြီး ချမ်းသာရေးလမ်းစကို ရှာသင့်ပါတယ်။ မဟုတ်ရင်တော့ သင်ကလည်း အခြားသူတွေလိုပဲ ဒီငွေကြေးသံသရာထဲမှာပဲ မျောနေမှာပါ။ ကိုယ်ကငွေကိုသုံးပြီး သူများကို ချမ်းသာစေမလား ကိုယ်တိုင်ချမ်းသာအောင်လုပ်မလားကတော့ သင့်ဆုံးဖြတ်ချက်ပါပဲ။
3)စိတ်လိုက်မာန်ပါ ရင်းနှီးမြှုပ်နှံတတ်ခြင်း
အခုနောက်ပိုင်းမှာ လူအတော်များများ ငွေကြေးနဲ့ ပတ်သက်ပြီး အရင်ကထက်ပိုနားလည်လာတာကြောင့် ရင်းနှီးမြှုပ်နှံတာတွေလုပ်လာပါပြီ။ ဒါပေမယ့် ဒီနေရာမှာ ဆိုးတာတစ်ခုက ရင်းနှီးမြှုပ်နှံခြင်းက ချက်ချင်း ဟောဟော ဒိုင်းဒိုင်းဆိုပြီး နေ့ချင်းညချင်း ကြီးပွားသွားတာမဟုတ်ဘူးဆိုတာကို မေ့ကုန်ကြတာပါပဲ။
ကိုယ့်ရဲ့ စိတ်ကို မထိန်းနိုင်တဲ့အခါမှာ စိတ်လိုက်မာန်ပါ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြတဲ့အတွက် မဆုံးရှုံးသင့်ဘဲ ငွေတွေဆုံးရှုံးရပြီး "ဟာ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဂျင်းကြီးပါ အလုပ်မဖြစ်ပါဘူးလို့ ပြောကြတော့တာပါပဲ"။
တကယ်တော့ စတော့ စျေးကွက်ဆိုတာကလည်း နှစ်တစ်ရာလောက် သက်တမ်းရှိခဲ့တာဖြစ်ပြီး အတက်အကျရှိပါတယ်။ ဒီလိုမျိုး တက်လိုက်ကျလိုက်ဖြစ်တိုင်း စိတ်နောက်လိုက်ပြီး အရောင်းအဝယ်လုပ်တဲ့အခါ ရှုံးဖို့များပါတယ်။ စတော့စျေးကွက်ဆိုတာကလည်း စိတ်ရှည်ရှည်နဲ့ သေချာ လေ့လာဆန်းစစ်ပြီး ကြာကြာ ကိုင်ထားမှ အမြတ်အစွန်းရတဲ့ အမျိုးပါ။
အခုခေတ်မှာတော့ စတော့စျေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့က အရမ်းမခက်တော့ပါဘဲ အင်တာနက်ကြောင့် အလွယ်တကူ Stock Broker တွေနဲ့ ချိတ်ဆက်ပြီး လွယ်လွယ်ကူကူ ရင်းနှီးမြှုပ်နှံလို့ ရနေတဲ့အပြင် Cryptocurrency လိုမျိုးတွေမှလည်း ရင်းနှီးမြှုပ်နှံလို့ရနေတာက အားသာချက်ဖြစ်သလိုပဲ တစ်ဖက်မှာလည်း အရှေ့မှာပြောခဲ့သလိုမျိုး စိတ်ကို မထိန်းနိုင်ရင်တော့ ကိုယ့်အတွက် အရှုံးဖြစ်ပြီး သူများတွေက မြတ်သွားမှာပါ။
Stock Broker အများစုကလည်း margin trading လို့ခေါ်တဲ့ နည်းလမ်းကို သုံးပြီး သင့်လောဘကို ဆွပေးတတ်ပါတယ်။ ဥပမာ ဒေါ်လာတစ်ထောင်ပဲ ရင်းနှီးမြှုပ်နှံမယ့်အစား ငွေကို ဆတိုးရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့ margin trading လုပ်မယ်ဆိုရင် တစ်ထောင်က ကိုယ့်ပိုက်ဆံဖြစ်ပြီး ကျန်တဲ့ တစ်ထောင်က အကြွေးဖြစ်သွားမှာပါ။ အဲ့ဒီအခါ မြတ်ရင် ကိစ္စမရှိပေမယ့် ရှုံးရင်တော့ Broker ဆီမှာ အကြွေးကျန်သွားပါတယ်။ စိတ်မထိန်းနိုင်လို့ ဆတိုးအများကြီးထည့်မိရင် ရှိသမျှ ငွေကုန်ပြီး ဘ၀ပျက်တဲ့အထိဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် စတော့ဖြစ်ဖြစ် အိမ်ခြံမြေဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အရင်ဆုံး သေချာနားလည်အောင် သင်တန်းတက်ပြီး စိတ်ရှည်ရှည်နဲ့ ကိုယ်အဆုံးခံနိုင်တဲ့ ပမာဏကိုပဲ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ကိုယ်မနိုင်တဲ့ ငွေပမာဏတွေကို စိတ်မရှည်ဘဲ ချမ်းသာချင်ဇောနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်တာဟာလည်း ငွေကြေးထောင်ချောက်ထဲမှာပိတ်မိစေမယ့် အချက်တစ်ချက်ပါပဲ။
4) Zero APR ကိုရှောင်ပါ။
အိမ် (သို့မဟုတ်) လိုအပ်တဲ့ အရာ တစ်ခုခုဝယ်ဖို့အတွက် ဘဏ်က ပိုက်ဆံချေးတဲ့အခါ နဲ့ Credit Card သုံးတဲ့ အခါ အတိုးနှုန်းရှိပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေကနေ အရစ်ကျဝယ်တဲ့အခါ ကုမ္ပဏီတွေက တစ်လကို ဒေါ်လာ တစ်ရာလောက်ပဲ ကျသင့်တဲ့ Zero Percent APR နဲ့ ဝယ်စေပါတယ်။
တကယ်ဆို ပိုက်ဆံချေးတဲ့အခါ အတိုးပါသင့်ပေမယ့် ကုမ္ပဏီဘက်က သုံးတဲ့ နည်းကတော့ နံပါတ်တစ် ကုမ္ပဏီအနေနဲ့ ပစ္စည်းတွေ ပိုရောင်းရနိုင်ပါတယ်။
လူတွေရဲ့ သဘောက စျေးကြီးတဲ့ iPhone လိုပစ္စည်းမျိုးကို ကိုင်ချင်ကြပေမယ့် လူအများစုက အရစ်ကျမရရင် မကိုင်နိုင်ကြပါဘူး။ ဒါကြောင့် ဝယ်ယူမယ့်လူအရေအတွက် ပိုများလာအောင် Zero APR ကိုသုံးတာဖြစ်တဲ့အပြင် နံပါတ်နှစ်အနေနဲ့ Zero APR နဲ့ အရစ်ကျဝယ်တဲ့သူတွေဟာ ပုံမှန် ငွေအပြည့်ချေတဲ့သူနဲ့စာရင် ကုမ္ပဏီက အခြား ထုတ်ကုန်တွေကိုပါ ပိုဝယ်လေ့ရှိပါတယ်။
သင်က ဒေါ်လာ တစ်ထောင်တန် iPhone ကို ငွေအပြည့်ချေပြီး ဝယ်မယ်ဆိုရင် ငွေမပိုတာနဲ့ airpod ကို ဝယ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် APR နဲ့ ဝယ်တဲ့သူတွေကတော့ လစဉ် အရစ်ကျပေးမှာဖြစ်လို့ airpods လေးပါ ထပ်ဝယ်လိုက်ပါဦးမယ်ဆိုပြီး ဝယ်လေ့ရှိကြပါတယ်။
နံပါတ်သုံးအချက်ကတော့ အဲ့ဒီလိုမျိုး လိုတာထက် ပိုဝယ်တဲ့အခါ ပေးချေရမယ့် ပမာဏများသွားပြီး Zero APR နဲ့ ပေးလို့ရတဲ့ ကာလကုန်သွားတဲ့အခါ အတိုးစပြီး ပေးရတဲ့အတွက် ကုမ္ပဏီက အတိုးပါ ထပ်ရသွားပါတယ်။ ဒီနည်းက တစ်ချက်ခုတ် သုံးချက်ပြတ်ဖြစ်လို့ ကုမ္ပဏီအတော်များများက ဒီနည်းအတိုင်းလုပ်လာကြတဲ့အတွက်က ကိုယ်က ငွေကြေးထောင်ချောက်မမိသွားအောင် Zero APR ကို ရှောင်ပါ။
5) အရေးပေါ်သုံးစရာ ဖယ်ထားလေ့မရှိခြင်း
အမေရိကန်နိုင်ငံမှာ နေထိုင်သူအများစုက အရေးတစ်ကြီးကိစ္စအတွက် သုံးစရာ ငွေဖယ်မထားဘူးလို့ သိရပါတယ်။ အဲ့ဒီထဲမှာသင်ကောပါနေပြီလား? ဥပမာပေးရရင် မတော်တဆမှုတစ်ခုခုဖြစ်လို့ အရေးပေါ်ရောက်သွားတဲ့အခါ လက်ထဲမှာ အပိုဆောင်ထားတဲ့ ငွေမရှိတဲ့အတွက် ဒုက္ခရောက်ရပါတယ်။ ကိုယ့်ကလေး လက်ကျိုးတာ၊ ရုတ်တရက် ဆေးရုံတတ်ရတာမျိုးတွေမှာ အပိုဆောင်းစုထားတဲ့ ငွေမရှိဘူးဆိုရင် ဒုက္ခရောက်ရပါတယ်။
ဒါ့အပြင် စီးပွားပျက်ကပ်တွေကလည်း ရှိတတ်တာမို့ အပိုငွေစုဆောင်းထားတာသာမရှိရင် အရေးအကြောင်းဆို သုံးစရာမရှိဘဲ ဖြစ်တတ်ပါတယ်။ လူအများစုကတော့ ဆိုးတဲ့အရာတွေဖြစ်လာမယ်လို့ ကြိုတွက်ဆထားတာမျိုး မရှိဘဲ အားလုံးက အမြဲ အဆင်ပြေနေမယ်လို့ တွက်လေ့ရှိတာမို့ ငွေကို အကုန်သုံးတတ်တာက အလေ့အကျင့်တစ်ခုလိုဖြစ်နေပြီး ကြိုတင်တွက်ဆလို့မရတဲ့ ပြဿနာတစ်ခုခုဖြစ်တဲ့အခါမှ ငွေချေးဖို့ ကြိုးစားကြတာပါ။ ငွေစုထားခြင်းဟာ အဆိုးဆုံးအခြေအနေတွေဖြစ်တဲ့အခါ အကျမနာအောင် အောက်ကခံပေးတဲ့ ကူရှင်ရေမြှုပ်ဖော့တုံးလိုပဲဖြစ်လို့ ငွေကြေးထောင်ချောက်မှာ မပိတ်မိချင်ရင် အရေးပေါ်သုံးစရာကို ဖယ်ထားဖို့လည်း မမေ့ပါနဲ့။
6) ငွေအားလုံးကို စုမိခြင်း
ငွေတွေအားလုံးကိုသုံးပစ်တနဲ့စာရင်တော့ စုတာက ကောင်းပါတယ်။ ဒါပေမယ့်လည်း ကြက်ဥအကုန်လုံးကို ခြင်းတစ်ခုထဲမှာ ထည့်တဲ့အခါ တစ်ခုခုဖြစ်ရင် ကြက်ဥအကုန်ကွဲသွားတတ်သလိုမျိုးပဲ ငွေကို စုပဲထားတဲ့အခါ ငွေကြေးဖောင်းပွမှုရဲ့ ရန်ကြောင့် ကိုယ့်ငွေတွေက အလိုလို တန်ဖိုးလျော့သွားနိုင်ပါတယ်။
ကိုဗစ်ကပ်ရောဂါမဖြစ်ခင်ကဆိုရင် ငွေကြေးဖောင်းပွမှုက သိပ်မသိသာတဲ့အတွက် ကိုယ့်စုငွေရဲ့ ၁ရာခိုင်နှုန်း ၂ရာခိုင်နှုန်းလောက်ပဲ လျော့သွားတာဖြစ်ပေမယ့် အခုကာလလိုမျိုး ငွေဖောင်းပွမှုမြင့်တဲ့အခါမှာတော့ ကိုယ့်စုငွေရဲ့ ရာခိုင်နှုန်းအများစုဟာ လျော့သွားမှာပါ။ ဒါ့အပြင်အစိုးရကလည်း ငွေတွေကို ရိုက်ထုတ်နေတာဖြစ်လို့ ငွေတန်ဖိုးက နှစ်တိုင်းကျသွားတဲ့ သဘောရှိပါတယ်။
ဥပမာ ကိုယ်က ဘဏ်မှာ ဒေါ်လာ တစ်သောင်းစုထားပြီး နောက်ဆယ်နှစ်နေမှ ပြန်ထုတ်ရင် အတိုးအနည်းငယ်ရတာမှန်ပေမယ့် အခု ဒေါ်လာတစ်သောင်းတန်ပစ္စည်းက အဲ့ဒီအချိန်မှာ ဒေါ်လာတစ်သောင်းနဲ့ မရနိုင်တော့တာမျိုးကို မေ့မထားသင့်ပါဘူး။
တကယ်လို့ ကိုယ်က ငွေကြေးအကြောင်းနားလည်မယ်ဆိုရင်တော့ ငွေအားလုံးကို မစုဘဲ တစ်ချို့ကို အရေးပေါ်သုံးဖို့ဖယ်ထားပြီး ကျန်တဲ့ ငွေတွေကို ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံလို့ရတဲ့နေရာတွေမှာ ခွဲပြီး ထားသင့်ပါတယ်။
7) ဆုံးရှုံးနိုင်ခြေများတဲ့ ရင်းနှီးမြှုပ်နှံမှုကိုရှောင်ပါ။
လူအများစုက မြန်မြန်ချမ်းသာချင်စိတ်ကို မထိန်းနိုင်တော့ နောက်ထပ် ဘယ်စတော့ကမြန်မြန်ငွေပြန်ရနိုင်မလဲ ဘယ် Cryptocurrency ကတော့ ငွေရလွယ်မလဲကိုပဲ လိုက်ရှာလေ့ရှိကြပါတယ်။ ဒီလိုလောဘတက်လာတဲ့အခါ သတင်းတွေ၊ Tweet တွေကို ဖတ်ပြီး ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားနိုင်စွမ်း နည်းသွားပြီး ရှိသမျှကို အဲ့ဒီ ရေပန်းစားတဲ့ စတော့တွေ၊ Crypto တွေမှာ ပုံအောမိကြပါတယ်။
ကံကောင်းတဲ့အခါမှာ အစပိုင်း အလုပ်ဖြစ်တယ်ဆိုပြီး ပိုပိုထည့်ရင်း နောက်ပိုင်းမှာတော့ ငွေရမြန်တဲ့ နေရာတွေဟာ ဆုံးရှုံးနိုင်ခြေလည်းများတယ်ဆိုတာ မေ့သွားတတ်ပါတယ်။
ဒါကြောင့် ချက်ချင်းငွေပြန်ရမယ်တို့၊ အမြန်ချမ်းသာမယ်တို့ဆိုတဲ့ နည်းတွေတွေ့ရင် ထပ်ခါထပ်ခါ ဆန်းစစ်သင့်ပါတယ်။ ရေရှည်တိုးတက်မယ့် ချမ်းသာတဲ့နည်းလမ်းတွေမှာ ဖြတ်လမ်းမရှိပါဘူး။ အချိန်တစ်ခုပေးကာ စိတ်ရှည်လက်ရှည်လုပ်ရတာဖြစ်လို့ အတက်အကျမြန်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကိုယ်ဆုံးရှုံးနိုင်တဲ့ ပမာဏကိုပဲ ထည်ပြီး သေချာ လုပ်သင့်ပါတယ်။
8)Financial Education အားကောင်းအောင်လုပ်ပါ။
ငွေကြေးထောင်ချောက်ကလွတ်ဖို့ ၈ချက်မြောက်အချက်ကတော့ Financial Education ကို အားကောင်းအောင်လုပ်ဖို့ပါ။ ဒီအချက်က အရမ်း အရေးကြီးပါတယ်။ အမှားတွေဖြစ်ပြီးမှ ပြန်ပြင်မယ့်အစား မှားလေ့ရှိတဲ့ အမှားတွေ၊ သိသင့်သိထိုက်တဲ့ အချက်တွေကို ကြိုသိထားတဲ့အခါ အမှားနည်းသွားပါတယ်။ ဥပမာပြောရရင် စတော့ အကြောင်း ကြိုပြီး သေချာမလေ့လာ၊ သင်တန်းတွေမတက်ဘဲ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အရှုံးနဲ့ ရင်ဆိုင်ရနိုင်ပြီး၊ ရှုံးသွားတဲ့အခါမှ စာအုပ်တွေရှာဖတ်၊ သင်တန်းတွေလိုက်တက်တာက သင့်ကို အချိန်ကုန်စေပါတယ်။ အဲ့ဒီအစား သင်တန်းသေချာတက်ပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကိုယူပြီးမှ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပိုပြီး အမှားနည်းနိုင်ပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကလည်း ဒီလိုပါပဲ။ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး သိသင့်တာတွေ မသိဘဲ ရမ်းပြီး ဝယ်တာ၊ ရောင်းတာတွေက သင့်ကို အချိန်ကုန်၊ ငွေကုန်ဖြစ်စေပါတယ်။ ရင်းနှီးမြှုပ်နှံရတဲ့ ပမာဏတွေကလည်း နည်းတာမဟုတ်တော့ ပေ့ါပေ့ါဆဆ စမ်းကြည့်တာမျိုး မလုပ်ဘဲ Financial Education အတွက် တက်သင့်တဲ့ အတန်းတွေတက်ပြီးမှ ရင်းနှီးမြှုပ်နှံတာကို လုပ်စေချင်ပါတယ်။
9) ကိုယ့်စိတ်ကိုအလိုလိုက်ပြီး သုံးတာကို ရှောင်ပါ။
ခေတ်ကိုက ဆိုရှယ်မီဒီယာခေတ်ဆိုတော့ Instagram မှာ တစ်ယောက်ယောက်က Gucci အိတ်နဲ့တင်ရင် ကိုယ်လည်း လိုက်တင်ချင်တာမျိုး၊ Mercedes ကားစီးပြရင် စီးချင်တာမျိုး၊ နိုင်ငံခြားကို ခရီးထွက်ပြရင် ကိုယ်လည်း သွားဖူးချင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလူတွေက ဘယ်လိုတွေ ကြိုးစားပြီးတော့ ဝယ်နိုင်၊ သွားနိုင်လာနိုင်တာလည်းဆိုတာ သင်မသိပေမယ့် သင့်စိတ်ထဲမှာတော့ အဲ့လိုလုပ်နိုင်ချင်တာကတော့ သေချာပေါက်ပါပဲ။ ဆိုရှယ်မီဒီယာဆိုတာ ကောင်းတဲ့အချက်တွေကိုပဲ အဓိက တင်ကြပြကြတဲ့နေရာမို့ လူတိုင်းနီးပါး ကောင်းတာတွေပဲ ဖြစ်နေတယ်လို့ သင်ထင်နိုင်ပါတယ်။ လူတိုင်းက စားသောက်ဆိုင် အကောင်းစားတွေသွားမယ်။ ပိုက်ဆံအိတ်အကောင်းစားတွေကိုင်မယ်၊ အဲ့ဒီလိုမျိုး ထင်ရပါတယ်။
အဲ့ဒီအခါမှာ ကိုယ့်ရဲ့ လစဉ်ဝင်ငွေကိုမေ့ပြီး ရုပ်၀တ္ထုနောက်လိုက်တဲ့အခါ ငွေကြေးထောင်ချောက်မှာ ပိတ်မိတတ်ပြန်ပါတယ်။ ပို့စ်လေးတစ်ခု၊ Story လေးတစ်ခုတင်ဖို့အတွက် အရစ်ကျတွေ၊ Credit Card တွေသုံးပြီးဝယ်မယ်ဆိုရင်တော့ နောက်ပိုင်း ပြန်ဆပ်ရတဲ့အခါ ကိုယ့်မှာပဲ ဝန်ပိတာပါ။
ကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ သုံးဖို့လိုတာကို ကိုယ်အသိဆုံးမို့ ဆိုရှယ်မီဒီယာမှာတွေ့သမျှ လိုက်မှာနေ ဝယ်နေမယ့်အစားလိုအပ်တာကိုပဲ ဝယ်ဖို့ သတိပြုစေချင်ပါတယ်။ အခုခဏမှာ ဝယ်ချင် သုံးချင်စိတ်ကို ချိုးနှိမ်လိုက်တာက နောင်လာမယ့် ၁၀နှစ်လောက်မှာ ကိုယ့်အနေနဲ့ ငွေကြေးမပူပင်ရတဲ့ ဘ၀ကိုရောက်ဖို့ပဲ ဆိုတာ အမြဲ သိနေဖို့လိုပြီး ဘယ်သူနဲ့မှ ယှဉ်မနေပါနဲ့။
10) Comfort zone ထဲမှာ ပိတ်မိခြင်းကို ရှောင်ပါ။
ဘ၀မှာ လုပ်နေကျအရာကိုပဲ လုပ်နေမယ်ဆိုရင် ချမ်းသာဖို့ ခက်ပါတယ်။ ကိုယ်က ရောင့်ရဲတတ်တဲ့သူဆိုရင်တောင် နောက်ပိုင်းအသက်ကြီးလာတဲ့အခါ ပိုရုန်းကန်ရနိုင်ပါတယ်။ Comfort Zone မှာ ပိတ်မိတဲ့အခါ ငွေကြေးထောင်ချောက် Financial Trap မှာပါ ပိတ်မိတတ်ပါတယ်။
ငါ့မှာ အကြွေးမရှိဘူး။ 401K လည်းရှိတယ်။ ကျန်းမာရေးလည်းကောင်းတယ်။ လစာလည်းကောင်းတယ်။ လတိုင်းလည်း ပေးစရာ Bill တွေဆောင်နိုင်တယ်။ ဒီတိုင်းလေးပဲ ဆက်လုပ်နေမယ်ဆိုပြီး သက်သောင့်သက်သာနေမယ်ဆိုရင်တော့ ချမ်းသာတဲ့လူဖြစ်လာဖို့ ခက်ပါတယ်။
အိမ်မက်ကြီးကြီးမက်ချင်တဲ့သူတွေဟာ သာမန်လူတွေလုပ်နေတာထက်ပိုပြီး လုပ်ရသလို၊ တဒင်္ဂ ပျော်ရွှင်မှု၊ သက်သောင့်သက်သာဖြစ်မှုတွေကို စတေးရပါတယ်။ လက်ရှိရောက်နေတဲ့ ရနေတဲ့ ဘ၀မှာပဲ နေနေတာမျိုးထက် ကိုယ့်အနေနဲ့ ဘယ်လိုမျိုး Financial Freedom ဖြစ်နိုင်မလဲဆိုတဲ့ နည်းတွေကို လေ့လာပြီး စလုပ်တာက ငွေကြေးထောင်ချောက်မှာ ပိတ်မိခြင်းကနေ လွတ်စေပါတယ်။
အခုလက်ရှိခဏလေးကိုပဲ မကြည့်ဘဲ နောက်ဖြစ်လာမယ့်အရာတွေကိုပါတွက်ဆထားပြီး သိသင့်တဲ့ သင်တန်းတွေကို တက်ထားတာမျိုး၊ Stock Investment၊ Real Estate Investment လိုမျိုးတွေကို ကိုယ်နိုင်သလောက်လေးကနေ စလုပ်တာမျိုးတွေလုပ်ထားသင့်ပါတယ်။
အများစုသော အမေရိကန်တွေဟာ အိမ်ပိုင်မရှိကြဘူးဆိုတဲ့ အချက်လေးကို သတိပြုစေချင်ပါတယ်။ လူတွေက နေ့စဉ် ဘ၀မှာ ပျော်မယ် ပါးမယ်။ ကိုယ့်အတွက် မလိုလည်း ဇိမ်ခံပစ္စည်းတွေကို ဝယ်မယ်နဲ့ အချိန်ကုန်နေကြတာပါ။ ဒီနေရာမှာ သင်က BMW စီးမယ့်အစား Toyota လိုကားမျိုးစီးပြီး ပိုတဲ့ ငွေကို ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင် လူတွေကတော့ သင့်ကို လှောင်ရယ်နိုင်ပေမယ့် နောင်နှစ်တွေကြာတဲ့အခါ သင်က အိုးပိုင်အိမ်ပိုင်ဖြစ်ပြီး ငွေကြေးမပူပင်ရဘဲ လိုချင်တာ ဝယ်နိုင် သုံးနိုင်ဖြစ်သွားမှာပါ။
အခုပြောပြခဲ့တဲ့ ငွေကြေးထောင်ချောက် (၁၀)ခုကို သေချာ သိသွားပြီဆိုတော့ ကိုယ်တိုင် မပိတ်မိအောင်လုပ်ဖို့က သင့်တာဝန်ဖြစ်သွားပါပြီ။
Comentarios