top of page

Fiat Money (သို့မဟုတ်) ငွေစက္ကူ သမိုင်းကြောင်း

ဒီနေ့တော့ ငွေစက္ကူအသစ်ရိုက်ထုတ်ကြတာ နဲ့ ပတ်သက်ပြီး FIAT Money ငွေကြေးသမိုင်းကြောင်းနဲ့ ငွေကြေးတန်ဖိုး ပြောင်းလဲသွားမှု ကို ဒီနေ့ မျှဝေပေးချင်ပါတယ်။ ကျွန်မတို့အားလုံးနေ့စဉ် အသုံးပြုနေတဲ့ အစိုးရထုတ် ငွေကြေးကို Fiat Money လို့ ခေါ်ပါတယ်။


Fiat Money ဆိုတာ ဘာလဲ?


Fiat Money ရယ်လို့ မပေါ်ခင်ကတော့ အစိုးရမင်းတွေဟာ ရွှေ (သို့မဟုတ်) ငွေကို ဒင်္ဂါးအဖြစ် သွန်းပြီး အသုံးပြုသလို ငွေစက္ကူကို အခြားတန်ဖိုးညီသတ်မှတ်ထားတဲ့ ရုပ်၀တ္ထုတစ်ခုခုနဲ့ ကျောထောက်နောက်ခံထားပြီး ပြုလုပ်ကြပါတယ်။


နောက်တော့ ကျောထောက်နောက်ခံဘာမှမပါတဲ့ Fiat Money လို့ခေါ်တဲ့ ငွေစက္ကူသို့မဟုတ် ဒင်္ဂါးတွေကို ထုတ်ပြီး အသုံးပြုကြပါတယ်။ FIAT ဆိုတာ လက်တင်ဘာသာ စကားက ဆင်းသက်လာတာဖြစ်ပြီး It shall be လို့ အဓိပ္ပာယ်ရပါတယ်။ လိုသလောက်ရိုက်ထုတ်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။


Fiat Money ဟာ အစိုးရအနေနဲ့ သူနဲ့တန်ဖိုးညီမျှတဲ့ ကျောထောက်နောက်ခံ (သို့မဟုတ်) အာမခံ တစ်ခုမှ မထားဘဲ လူတွေအနေနဲ့ အစိုးရကို ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာ အပေါ်မူတည်ပြီး ဖောင်းပွသလို တန်ဖိုးက အတက်အကျရှိနေတာပါ။


ဒီ Fiat Money တွေဟာ ရွှေလိုမျိုး ရှားပါးတဲ့အရာမဟုတ်တော့ ငွေကိုထုတ်နိုင်တဲ့ ဗဟိုဘဏ်တွေမှာ Credit Supplyလုပ်တာတွေ၊ Liquidityတွေ၊ အတိုးနှုန်းတွေနဲ့ Money Velocity တွေကို ထိန်းချုပ်နိုင်တဲ့ ပါဝါရှိနေပါတယ်။ အမေရိကန်မှာဆိုရင် U.S. Federal Reserve ဟာ Fiat Money ကိုသုံးပြီး အလုပ်လက်မဲ့ဖြစ်မှုနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်။


Fiat Money မှာလည်း ကောင်းတဲ့အချက်ရှိပါတယ်။ တကယ်လို့သာ သေချာထိန်းချုပ်နိုင်မယ်ဆိုရင် Fiat Money ဟာလည်း နိုင်ငံရဲ့ စီးပွားရေးအတွက်လိုအပ်တဲ့ ငွေကြေးဆိုင်ရာအချက်တွေဖြစ်တဲ့ တန်ဖိုးကို သိမ်းဆည်းခြင်း၊ ကိန်းဂဏာန်းအကောင့်များထောက်ပံ့ပေးနိုင်ခြင်းနှင့် ငွေကြေးလဲလှယ်မှုကို Facilitate လုပ်နိုင်ခြင်းတို့ကို လုပ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ Fiat Money ဟာ ထုတ်လုပ်မှုစရိတ် အကုန်အကျသက်သာတာကြောင့် စီးပွားရေးစနစ်ထဲမှာ မြန်မြန်စီးဆင်းပါတယ်။

ရွှေနဲ့ ကျောထောက်နောက်ခံပြုထားတဲ့ ငွေကြေးက ရွှေ အကန့်အသတ်အပေါ်မူတည်ပြီး ထုတ်ရတာမို့ Fiat Money နဲ့ယှဉ်ရင် ယေဘုယျအားဖြင့် ပိုပြီး တည်ငြိမ်ပါတယ်။ ဒါ့အပြင် Fiat Money ဟာ ငွေစက္ကူသပ်သပ်ဖြစ်တာမို့ လိုအပ်သလောက် ရိုက်ထုတ်လို့ရတဲ့အတွက် ဖောင်းပွမှုတွေဖြစ်စေပါတယ်။


Fiat Money ဟာ အစိုးရအပေါ်ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖြစ်တာနဲ့ အညီ အစိုးရအပေါ်ယုံကြည်မှုကျတာနဲ့အမျှ ငွေတန်ဖိုးက ကျပါတယ်။



ဒါဆို Fiat Money အချင်းချင်းလဲတဲ့အခါ ဘာလို့ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်နဲ့ တန်ဖိုး မတူရတာလဲ?


ဒီမေးခွန်းကို မဖြေခင် အရင်ဆုံး Exchange Rate အကြောင်း သိဖို့လိုပါတယ်။


စီးပွားရေးလုပ်တဲ့သူတွေကလွဲရင် လူအတော်များများက Exchange Rate တွေအ​ကြောင်း သိပ်သတိမထားမိကြပါဘူး။ ဒါကလည်း နေ့စဉ်ဘ၀မှာ ဒေါ်လာကို တိုက်ရိုက် အသုံးမပြုရတာကြောင့်လည်းပါပါတယ်။ ခရီးသွားတာ၊ နိုင်ငံခြားကို ငွေပေးချေတာနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလောက်ပဲ နေ့စဉ် Exchange Rate ကို သတိထားမိတာပါ။


ဘာကြောင့် ငွေကြေးကို လဲလှယ်အသုံးပြုရလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးကို တစ်ကမ္ဘာလုံးက လက်ခံတဲ့ အတိုင်းအတာကြောင့်ပါပဲ။ အမေရိကန်ဒေါ်လာကတော့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအားကောင်းမှုကြောင့် တစ်ကမ္ဘာလုံးအပေါ်မှာ ဩဇာလွှမ်းမိုးနိုင်တာမို့ ငွေကြေးက ပိုအားကောင်းနေတာပါ။


နိုင်ငံတစ်နိုင်ငံရဲ့ Fiat Money တွေ အလွန်အကျွံ ရိုက်ထုတ်နေရင် ငွေကြေးဖောင်းပွမှုကိုဖြစ်စေပါတယ်။ ဒါကလည်း စီးပွားရေးစနစ်က လိုအပ်တဲ့ လည်ပတ်ရမယ့် ငွေပမာဏထက် ပိုသွားရင်တော့ ငွေ​ောကးဖောင်းပွမှုဖြစ်ပြီး နိုင်ငံက ပြည်သူတွေ အခက်ကြုံရပါယတ်။


ဥပမာစီးပွားရေး စနစ်ထဲမှာ

$100 ရှိပြီး ငှက်ပျောသီး အလုံး 100 ရှိတယ်ဆိုပါစို့။ လူတိုင်းက သူတို့ငွေတွေကို ယူပြီး ငှက်ပျောသီးအားလုံးကို ဝယ်လိုက်မယ်ဆိုရင် ငှက်ပျောသီး တစ်လုံးကို $1 ကျပါမယ်။ အဲ့ဒီမှာ အစိုးရက ငွေကို 10% လောက်ထပ်တိုးရိုက်ထုတ်လိုက်မယ်ဆိုရင် $110 ဖြစ်သွားပြီး ငှက်ပျောသီးကတော့ 5% ပဲ ထပ်ပြီး စျေးကွက်ထဲဝင်လာမယ်ဆိုပါစို့။ ဒါဆိုရင် ငွေတိုးလာတာက ငှက်ပျောသီးရှိတာထက်ပိုသွားလို့ ငှက်ပျောသီးတစ်လုံးကို $1.05 လောက် ကျနေမှာပါ။


အခုဆိုရင် မြန်မာနိုင်ငံမှာ ငွေကျပ် ၂သောင်းတန် ထပ်ပြီး ရိုက်ထုတ်မယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ ဒါဆိုရင် အပေါ်က ပြောတဲ့ ဥပမာနဲ့ ဆက်စပ် စဉ်းစားမယ်ဆိုရင် ငွေကြေးဖောင်းပွမှုအကြောင်းကို ပိုပြီး နားလည်မှာပါ။ Fiat Money ကြောင့် နိုင်ငံတစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်စေတဲ့ ဥပမာကတော့ ဗင်နီဇွဲလားနိုင်ငံပါပဲ။


ဗင်နီဇွဲလားနိုင်ငံမှာဆို ကြက်တစ်ကောင်ရဖို့အတွက် ၁၄သန်းလောက်ရှိတဲ့ Bolivars ပေးရပါတယ်။ ပုံမှန်ရနေကျ လစာဟာ မိသားစုအတွက် လောက်ငမှုရှိဖို့အတွက် အာမမခံနိုင်တော့တဲ့ အနေအထားဖြစ်သွားပါတယ်။ လစာထုတ်ရင် သေတ္တာတစ်လုံးနဲ့ ငွေစက္ကူတွေကို သယ်ရပါတယ်။


ငွေကြေးတန်ဖိုးအလွန်ဖောင်းပွသွားတဲ့အတွက် လုပ်ငန်းတွေက ဘောနပ်စ်ပေးတဲ့အခါ ကြက်ဥတွေနဲ့ ပေးတဲ့အခါမျိုးအထိ ငွေက တန်ဖိုးမဲ့သွားတာပါ။ Nicolas Maduro ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ ၂၀၁၆မှာ နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အဲ့ဒီနှစ်မှာပဲ Inflation Rate က 800% အထိ ဖြစ်သွားတာပါ။


၂၀၁၄ ခုနှစ်အထိတော့ ဗင်နီဇွဲလားဟာ ငွေကြေးဖောင်းပွမှုကို မခံရသေးပါဘူး။ နိုင်ငံရဲ့ အဓိက ထုတ်ကုန်က ဆီတင်ပို့မှုဖြစ်ပြီး နိုင်ငံရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကလည်း အဲ့ဒီကနေပဲဝင်တာပါ။ ရလာတဲ့ဝင်ငွေတွေနဲ့ နိုင်ငံမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်မယ်ဆိုပြီး Social Programs တွေလုပ်ပါတယ်။ အဲ့ဒီ Social Programs တွေမှာ အစိုးရအသုံးစရိတ်က အရမ်းမြင့်နေပါတယ်။


နောက်တော့ ကမ္ဘာ့ဆီစျေးကျသွားပြီး ဗင်နီဇွဲလားနိုင်ငံကနေ ဆီဝယ်လိုအားတွေလည်း ကျကုန်တဲ့အခါ ငွေကြေးအကြပ်အတည်းကြုံလာရပြီး အစိုးရက ဒါကိုဖြေရှင်းဖို့ Fiat Money တွေ အမြောက်အများရိုက်ထုတ်လိုက်တဲ့အခါမှာတော့ အလွန်ပြင်းထန်တဲ့ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်သွားရပါတော့တယ်။ နိုင်ငံသားတွေကလည်း သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးကို ပိုပြီး တည်ငြိမ်တဲ့ အမေရိကန်ဒေါ်လာနဲ့ လဲလိုက်ကြတဲ့အခါမှာတော့ ငွေတန်ဖိုးက အရမ်းကို လျှော့ကျသွားပါတယ်။


အစိုးရကလည်း ငွေကြေးကို ထိန်းချုပ်ဖို့အတွက် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ Exchange Rate နဲ့ပဲ လဲရမယ်တို့၊ ငွေလဲလှယ်ခွင့်ကို ထိန်းချုပ်တာတို့ ပြုလုပ်ပါတယ်။ အမေရိကန်ဒေါ်လာကိုတော့ မှောင်ခိုစျေးမှာပဲ ဝယ်လို့ရပါတော့တယ်။ ဒီလိုနဲ့ပဲ ပြည်သူတွေက ဗင်နီဇွဲလားငွေကြေးကို ကိုင်မထားရဲတော့ဘဲ အမေရိကန်ဒေါ်လာကိုပိုကိုင်လာကြပြီး ငွေကြေးဖောင်းပွမှုက ပိုဆိုးသွားပါတော့တယ်။


အခုမြန်မာနိုင်ငံမှာလည်း အလားတူ အဖြစ်မျိုးကြုံနေရပြီး ဒီပြဿနာက Fiat Money ရှိတဲ့နိုင်ငံတိုင်းမှာဖြစ်လာနိုင်ပါတယ်။



ဒါဆိုလက်ထဲမှာ Fiat Money အစားဘာတွေ ကိုင်သင့်လဲ?


Fiat Money အစား အခြား အစားထိုးစရာတွေအဖြစ် Cryptocurrencies တွေ၊ ရွှေငွေတွေ၊ အိမ်ခြံမြေ၊ Stock Investment နဲ့ အစိုးရ Bond တွေမှာ ကိုယ်ပိုင်တဲ့ Fiat Money တွေကို ရင်းနှီးမြှုပ်နှံလို့ရပါတယ်။


မြန်မာပြည်မှာတော့ Fiat Moneyအစား ကိုင်စရာ သိပ် Asset အများကြီး မရှိတဲ့အပြင် ဥပဒေအရ ကာကွယ်ပေးမှု အားအရမ်းမကောင်းသေးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ရွေးချယ်တဲ့အခါ အရမ်း သတိထားရပါတယ်။


ကိုယ်ကြိုးစားပမ်းစားရှာပြီးမှ ရလာတဲ့ ငွေကြေးကို Fiat Money နဲ့သိမ်းထားမယ့်အစား အခြား ခိုင်မာပြီးယုံကြည်ရတဲ့ Investment နည်းတွေနဲ့ လဲပြီးသိမ်းထားဖို့အတွက် အကြံပေးချင်ပါတယ်။


ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ Video တွေကိုလည်း Channel မှာတင်ပေးထားတာမို့ subscribe လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။









28 views0 comments

Comments


bottom of page