top of page

ရင်းနှီးမြှုပ်နှံမှု စလုပ်မယ့်သူတွေသိရမယ့် သဘောတရား ၁၀ ချက်

ရင်းနှီးမြှုပ်နှံသူအနေနဲ့ စပြီး လုပ်ကိုင်ရတာက ကြောက်ဖို့ကောင်းလှပါတယ်။ ၂၀၂၂ Investopedia ရဲ့ ငွေကြေး ကိုင်ဆောင်မှု စစ်တမ်းအရ U.S.က လူငယ် ၅၇ ရာနှုန်းက ရင်းနှီးမြှုပ်နှံမှု လုပ်ထားကြပေမယ့် အဲဒီထဲက လူသုံးယောက်မှာ တစ်ယောက်ကပဲ ရင်းနှီးမြှုပ်နှံရေး ဗဟုသုတ ကောင်းကောင်းရှိတယ်လို့ ဆိုပါတယ်။ ကိုယ်က လုံလောက်တဲ့ ပညာ၊ ကျွမ်းကျင်မှုနဲ့ ယုံကြည်ချက်တွေ မရှိသေးခင်မှာ ဒီလိုအရေးကြီးတဲ့ လုပ်ငန်းမျိုးကို လုပ်ဆောင်ရတာကို သတိထားတတ်တဲ့ နည်းစနစ်ကျကျ လုပ်တတ်တဲ့သူဆိုရင် စပြီး လုပ်ကိုင်ရတာ ပိုတောင် ကြောက်ဖို့ကောင်းပါသေးတယ်။

ဒီလိုအချိန်မှာ စပြီး လုပ်ကိုင်မယ့် ရင်းနှီးမြှုပ်နှံသူအနေနဲ့ သိသင့်တဲ့ အရာတွေကို စာရင်းတိုလေး ပြုစုထားတာက အရေးကြီး အချက်တွေ အများကြီး ကျန်ခဲ့နိုင်တဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။ တကယ်တော့ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံရေးသမားတွေက ဒီလို စာရင်းတိုမျိုးသာ ပြုစုမယ်ဆို သူတို့ရဲ့ အရေးကြီးတဲ့ စာရင်းပေါ် မူတည်ပြီး အများကြီး ကွာခြားသွားမှာပါ

အဲဒီလိုဆိုတော့ ကျွန်တော်တို့က အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူအနေနဲ့ စတင်ရာမှာ အကူအညီဖြစ်ဖို့ အသုံးဝင်တဲ့ စာရင်းလေးကို တင်ပြတာပါ။ ကျွန်တော်တို့အနေနဲ့ အဓိက ပုဂ္ဂိုလ်ရေး စိတ်ထားတွေကို အလေးထားပြောဖို့ ရွေးချယ်ထားပြီး ဆက်စပ်နေတဲ့ ဗျူဟာကျကျ နည်းစနစ်တွေက သင့်ကို ကျွမ်းကျင်လိမ္မာတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်လာစေမှာပါ။


အဓိက မှတ်သားရန် အချက်များ

  • အစီအစဉ်ဆွဲပါ၊ ငွေစုဖို့ကို ဦးစားပေးပြီး နှစ်ထပ်တိုးရဲ့ အားသာချက်ကို သိပါ။

  • ဆုံးရှုံးနိုင်ခြေ၊ အမျိုးမျိုး ရင်းနှီးမြှုပ်နှံခြင်းနဲ့ ပိုင်ဆိုင်မှု ခွဲဝေ မြှုပ်နှံခြင်းတို့ကို နားလည်ပါ။

  • ရင်းနှီးမြှုပ်နှံမှုစရိတ်များကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ။

  • နည်းဗျူဟာများကို လေ့လာပါ၊ စည်းကမ်းတကျ လုပ်ကိုင်ပြီး ပိုင်ရှင် (သို့) ချေးငှားသူ ကဲ့သို့ တွေးတောဆင်ခြင်ပါ။

  • သေချာ နားမလည်တဲ့ ကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ပါနဲ့။

၁။ ငွေကြေး အစီအစဉ်တစ်ခု ရှိထားပါ။

အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်ဖို့ ပထမဆုံးအဆင့်ကတော့ ငွေကြေးအစီအစဉ်ရှိဖို့ကနေ စရမှာပါပဲ။ ရည်မှန်းချက်တွေနဲ့ ပန်းတိုင်တွေပါတဲ့ အစီအစဉ်တစ်ခုပါ။ ဒီရည်မှန်းချက်တွေ ပန်းတိုင်တွေမှာ ဘယ်ရက်တွေမှာ ဘယ်လောက်ပမာဏကို ရရမယ်ဆိုတဲ့ မှန်းချက်တွေ ထားရပါမယ်။


ရည်မှန်းချက်တွေဆိုတာကတော့ ဥပမာပြောရရင် အိမ်ဝယ်ဖို့အတွက် ပိုက်ဆံ လောက်လောက်ငှငှ စုမိတာ၊ ကလေးတွေ ပညာရေးအတွက် ငွေစုမိတာ၊ အရေးပေါ် အသုံးစရိတ် ထားတာ၊ စွန့်စားစီးပွားရေး လုပ်ငန်းအတွက် ပိုက်ဆံစုမိတာ ဒါမှမဟုတ် အေးအေးဆေးဆေး အနားယူနိုင်ဖို့ ပိုက်ဆံစုမိတာတွေ ပါပါတယ်။


ဒါ့အပြင် လူအများစုက အနားယူဖို့ ပိုက်ဆံစုတယ်ဆိုရင် ပိုပြီး ဖြစ်ချင်ကြတဲ့ ရည်မှန်းချက်က အသက် ငယ်နိုင်သမျှ အငယ်ဆုံး အချိန်မှာ ငွေကြေးမှီခိုမှုကနေ ကင်းနိုင်ဖို့ပါပဲ။ ဒီရည်မှန်းချက်ပြည့်ဖို့ လုပ်ဆောင်ချက်ကိုတော့ ငွေကြေးမှီခိုမှုကင်းပြီး စောစောအနားယူမှု (FIRE) လုပ်ဆောင်ချက်လို့ ခေါ်ပါတယ်။


ကိုယ်ပိုင် အခြေအမြစ်ရှိတဲ့ ငွေကြေးအစီအစဉ်တစ်ခုကို ရေးဆွဲဖို့ ဖြစ်နိုင်ပေမယ့် ဒီလုပ်ငန်းမှာ အခုမှ စလုပ်ကိုင်ရင် စီးပွားရေးအကြံပေး ဒါမှမဟုတ် ငွေကြေး အစီအစဉ်ဆွဲပေးတဲ့ သူတွေလိုဆီကနေ ပညာရပ်အကူအညီ ယူဖို့ စဉ်းစားမိမှာပါပဲ။ အသိအမှတ်ပြု လက်မှတ်ရ ငွေကြေး အစီအစဉ်ဆွဲသူ (CFP) ဆီကနေ ယူဖို့တော့ ပိုပြီး စဉ်းစားမိမှာပါ။ နောက်ဆုံးပြောချင်တာကတော့ အချိန်မဆွဲပါနဲ့။ ဘဝမှာ အစောဆုံး အစီအစဉ်တစ်ခု ဆွဲဖို့ ကြိုးစားပြီး အဲဒီအစီအစဉ်ကိုလည်း အမြဲပြောင်းလဲနေတဲ့ စာတစ်စောင်ဖြစ်အောင် မှန်မှန်လေး ပြင်ဆင်ပြီး အခြေအနေနဲ့ ရည်မှန်းချက်ပေါ် မူတည်ပြီး ပြင်ဆင်ပါ။


FIRE လုပ်ဆောင်ချက်

FIRE (Financial Independence, Retire Early) လုပ်ဆောင်ချက်က အစောပိုင်းမှာ ဘဝရွေးချယ်မှုတွေ ပိုရနိုင်ဖို့ ပုံမှန် အနားယူချိန် မရောက်ခင်မှာ မြန်မြန်ဆန်ဆန် ချမ်းသာကြွယ်ဝမှုကို ဖြစ်စေပါတယ်။


၂။ ငွေစုခြင်းကို ဦးစားပေးပါ။


ရင်းနှီးမြှုပ်နှံသူဖြစ်မလာခင် ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံရှိရပါမယ်။ လူအများစုအတွက်ကတော့ ငွေစုဖို့အတွက် ပိုက်ဆံနည်းနည်းစီကို ဖယ်ချန်ထားဖို့ လိုပါလိမ့်မယ်။ ကိုယ့်အလုပ်ရှင်က 401(k) လို ငွေစုအစီအစဉ်တွေ ပေးလာမယ်ဆိုရင် ဒါက အလိုအလျောက် ပိုက်ဆံစုနိုင်မယ့် မျက်စိကျစရာ နည်းတစ်ခုပါပဲ။၊ အထူးသဖြင့် အလုပ်ရှင်က ကိုယ့်ငွေတွေ အကုန် ဒါမှမဟုတ် တစိတ်တပိုင်းကို လိုက်ပြီး စုမယ်ဆိုရင်ပေါ့။


ငွေကြေးအစီအစဉ် ဆွဲတဲ့နေရာမှာ အလုပ်ရှင်က ပေးတဲ့ အစီအစဉ်တွေကို အသုံးချတာအပြင် အလိုအလျောက် ငွေရမယ့် တခြားအစီအစဉ်တွေကိုလည်း စဉ်းစားရမှာပါ။ ချမ်းသာအောင် လုပ်တာက ငွေကြေးတွေကို များများစုဆောင်းဖို့ လိုပြီး ဒီစုငွေတွေ တိုးလာဖို့ ရင်းနှီးမြှုပ်နှံမှုလည်း ရှိဖို့ လိုပါတယ်။


များများစုနိုင်ဖို့အတွက် အဓိကသော့ချက်ကလည်း ခြိုးခြံ ချွေတာရင်း နေပြီး သတိထား သုံးစွဲဖို့ပါပဲ။ ဒီအခြေအနေမှာတော့ ငွေကြေးအစီအစဉ်ကို ထပ်ပြီး ပေါင်းသင့်တဲ့ အချက်ကတော့ ဘတ်ဂျက်ထားတာ၊ အသုံးစရိတ်ကို သေချာလေး လေ့လာတာ၊ ကိုယ့်ရင်းနှီးငွေက ဖြစ်နိုင်လားဆိုတာနဲ့ အကျိုးရှိရဲ့လားဆိုတာ မှန်မှန် သုံးသပ်တာမျိုးတွေ ပါပါတယ်။ ဘတ်ဂျက်မှတ်တဲ့ အပ်ပလီကေးရှင်းတွေနဲ့ ဆော့ဖ်ဝဲလ်တွေလည်း အမျိုးမျိုး ပေါ်နေပြီး ကိုယ်တိုင် စာရင်းစာရွက် ထားပြီး မှတ်လို့လည်း ရပါတယ်။


၃။ နှစ်ထပ်အတိုးရဲ့ အားသာချက်ကို နားလည်ပါ။


ပုံမှန် စည်းစနစ်ကျကျ အခြေခံပေါ်မှာ ငွေစုပြီး ရင်းနှီးမြှုပ်နှံတာနဲ့ ဒီစည်းကမ်းကို အစောဆုံး ကျင့်သုံးတာက ပိုင်ဆိုင်မှုတွေ များလာစေဖို့ နှစ်ထပ်အတိုးရဲ့ အားသာချက်ကို အကောင်းဆုံး ရစေမှာပါ။ လောလောဆယ် အတိုးနှုန်း ကျတာတွေ အချိန်ကြာထားတာက နှစ်ထပ်တိုးရဲ့ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ကျစေခဲ့ပေမယ့် ငွေစုတာနဲ့ ပိုင်ဆိုင်မှုကို တည်ဆောက်ဖို့ စောစောစခြင်းကို ပိုပြီး အရေးပါစေခဲ့ပါတယ်။ ဒါကလည်း အတိုးနှုန်းနဲ့ အစုပေါ်အမြတ် ထုတ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အရင်ကထက် နှစ်ဆများဖို့ ပိုကြာစေခဲ့လို့ပါ။ တခြားအရာတွေကတော့ အတူတူပါပဲ။


၄။ ဆုံးရှုံးနိုင်ခြေကို နားလည်ပါ။


ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်ခြေက အပိုင်းတွေ အများကြီး ရှိပါတယ်၊ ဘွန်းတစ်ခုရဲ့ ဆုံးရှုံးနိုင်ခြေ (ဘွန်းထုတ်ပေးသူက အတိုးပေးဖို့ ဒါမှမဟုတ် ရင်းနှီးငွေကို ပြန်ပေးဖို့ မတတ်နိုင်တော့တဲ့ ဆုံးရှုံးနိုင်ခြေ) နဲ့ စတော့တွေ ဆုံးရှုံးမှု (တန်ဖိုးတွေ ရုတ်တရက် ထောင်တက်တာ တိုးကျတာတွေကို ဖြစ်စေပါတယ်) စတဲ့ ဆုံးရှုံးနိုင်ခြေမျိုးတွေပေါ့။ ထပ်ဆောင်းပြောရရင် ဆုံးရှုံးနိုင်ခြေနဲ့ ပြန်ရငွေကြား၊ ဒါမှမဟုတ် ဆုံးရှုံးနိုင်ခြေနဲ့ အမြတ်ကြားက အပေးအယူတစ်ခုပါပဲ။ ဆိုလိုတာက ကိုယ့်ရင်းနှီးမြှုပ်နှံမှုပေါ်မှာ အကျိုးအမြတ်များများ ပြန်ရဖို့ နည်းကတော့ ရင်းနှီးမြှုပ်နှံမှု အကုန်ဖြစ်ဖြစ် တစိတ်တပိုင်းဖြစ်ဖြစ် ဆုံးရှုံးနိုင်ခြေ အပါအဝင် ဆုံးရှုူံးနိုင်ခြေတွေ ပိုရှိတယ်လို့ ယူဆထားတာပါပဲ။


အစီအစဉ်ဆွဲတာရဲ့ အရေးကြီးအပိုင်းအနေနဲ့ ကိုယ့်ရဲ့ ဆုံးရှုံးခံနိုင်စွမ်းကိုလည်း သိသင့်ပါတယ်။ ကိုယ်မှန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုက တန်ဖိုးကျသွားတာကို ဘယ်လောက်ထိ ရှုံးဖို့ ပြင်ဆင်ထားလဲဆိုတာနဲ့ မလိုအပ်တဲ့ ပူပန်မှုတွေ မရှိဘဲ ကိုယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဈေးဘယ်လောက် ရှုံးသွားလဲဆိုတာကို လက်ခံနိုင်လဲဆိုတဲ့ အချက်တွေက ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးက ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားတဲ့ နေရာမှာ အရေးကြီးတဲ့ အတွေးအခေါ်တွေပါပဲ။


ဆုံးရှုံးနိုင်ခြေ

အခြေခံအကျဆုံးအဆင့်မှာ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်ခြေက လုံးဝဆုံးရှုံးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးရှုံးနိုင်ခြေကို တိုင်းတာတဲ့နေရာမှာ တခြားကဏ္ဍတွေလည်း ပါပါသေးတယ်။


၅။ အမျိုးမျိုး ခွဲဝေရင်းနှီးမှုနဲ့ ပိုင်ဆိုင်မှု ခွဲဝေမြှုပ်နှံခြင်းကို နားလည်ပါ။


အမျိုးမျိုး ခွဲဝေရင်းနှီးမှုနဲ့ ပိုင်ဆိုင်မှု ခွဲဝေမြှုပ်နှံခြင်းဆိုတာ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်ခြေကို စီမံတဲ့နေရာနဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် များများ ရစေတဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကနေ ပါတဲ့ ဆက်စပ်နေတဲ့ သဘောတရားနှစ်ခုပါ။ ကျယ်ကျယ်ပြန့်ပြန့် ပြောရရင်တော့ အမျိုးမျိုး ခွဲဝေရင်းနှီးမှုဆိုတာ တချို့နေရာတွေမှာ အမြတ်နည်းတာနဲ့ အရှုံးတွေကို တခြားနေရာတွေကနေ ရတဲ့ ပျှမ်းမျှ အမြတ်တွေ ပြန်ရငွေတွေနဲ့ ကာမိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုးအပေါ်မှာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဖြန့်ကျက်ထားတာမျိုးပါပဲ။ အဲဒီလိုပါပဲ ပိုင်ဆိုင်မှု ခွဲဝေမြှုပ်နှံခြင်းကလည်း ရည်မှန်းချက် တူတူပါပဲ ဒါပေမဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားကြီးတွေ ဖြစ်တဲ့ စတော့၊ ဘွန်းနဲ့ ငွေကြေးတွေပေါ်မှာ ဖြန့်ကျက်ထားတာကို ဦးစားပေးတာပါ။

ထပ်ပြောရရင် ကိုယ့်ရဲ့ ငွေကြေးအစီအစဉ်ဆွဲတဲ့ အလုပ်မှာ အမျိုးမျိုး ခွဲဝေရင်းနှီးမှုနဲ့ ပိုင်ဆိုင်မှု ခွဲဝေမြှုပ်နှံခြင်းအပေါ် ဆုံးဖြတ်ချက်တွေကို ပုံမှန် သုံးသပ်နေဖို့ လိုပါတယ်။


၆။ စရိတ်တွေကို နည်းအောင် ထားပါ။


ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ်မှာ ပြန်ရမယ့် အနာဂတ်ရငွေတွေကို ထိန်းချုပ်လို့ မရပါဘူး၊ ဒါပေမဲ့ စရိတ်တွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်တွေ (ဥပမာ - ငွေလွှဲစရိတ်၊ ရင်းနှီးမြှုပ်နှံမှု ခန့်ခွဲရေး ဝန်ဆောင်ခ၊ အကောင့်ဝန်ဆောင်ခ စသည်ဖြင့်) က ရင်းနှီးမြှုပ်နှံမှု စွမ်းဆောင်ရည်ပေါ်မှာ သိသာတဲ့ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ အလားတူပဲ ဥပမာတစ်ခုလို အပြန်အလှန် ငွေတွေ ယူတာက စရိတ်များတိုင်း စွမ်းဆောင်မှုကောင်းကောင်း မရစေပါဘူး။


စရိတ်တွေရဲ့ အရေးကြီးမှု

ရင်းနှီးမြှုပ်နှံမှုစရိတ်တွေ ဝန်ဆောင်ခတွေက ရင်းနှီးမြှုပ်နှံမှု ရလဒ်တွေရဲ့ အဓိက အဆုံးအဖြတ်တွေပါပဲ။


၇။ ရိုးရှင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာတွေကို နားလည်ပါ။


အခုမှ စလုပ်ကိုင်မယ့် ရင်းနှီးမြှုပ်နှံသူတွေ အပြည့်အဝ နားလည်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာတွေကတော့ ကိုယ်တိုင်လုပ်တာနဲ့ အညွှန်းကိန်းကို ကြည့်ပြီး ရင်းနှီးမြှုပ်နှံခြင်း၊ တန်ဖိုးနဲ့ တိုးတက်မှု ရင်းနှီးမြှုပ်နှံခြင်း၊ ဝင်ငွေအရနဲ့ အမြတ်ငွေအရ ရင်းနှီးမြှုပ်နှံခြင်းတွေ ပါပါတယ်။


သေချာနားလည်တဲ့ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေကတော့ ဈေးကွက်ကို အလဲထိုးနိုင်ပေမယ့် အချိန်ကြာကြာ ဒီလို ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့သူတွေက မရှိသလောက်ပါပဲ။ ဒါက ရင်းနှီးမြှုပ်နှံမှု ပညာရှင်တွေအတွက် ဈေးကွက်ကို လိုက်ကြည့်ဖို့ အညွှန်းကိန်းတွေကို သုံးတဲ့ စရိတ်နည်းတဲ့ ရင်းနှီးမြှုပ်နှံမှုဗျူဟာတွေကို ပိုပြီး ညွှန်းလာစေပါတယ်။


ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု လောကမှာ တန်ဖိုးကို ရင်းနှီးမြှုပ်နှံသူတွေက ဈေးနှုန်းနဲ့ ရငွေ အချိုး (P/E) လို ဈေးကွက် အတိုင်းအတာတွေနဲ့ ယှဉ်ရင် ဈေးသိပ်မကြီးနဲ့ စတော့တွေကို ပိုကြိုက်ကြပါတယ်။ သူတို့က ဒီစတော့တွေမှာ တက်နိုင်ချေတွေ များပြီး ကျနိုင်ခြေကတော့ အကန့်အသတ်ရှိတယ်လို့ မျှော်လင့်ကြတာပါ။ ဆန့်ကျင်ဘက်အနေနဲ့ တိုးတက်မှုမှာ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဝင်ငွေနဲ့ ရငွေ မြန်မြန် တက်နိုင်မယ့် စတော့တွေမှာ အမြတ်ရဖို့ကို အခွင့်အရေး ပိုမြင်ကြပါတယ်၊ ဈေးကြီးတယ်ဆိုရင်တောင်မှပေါ့။


ဝင်ငွေပိုင်းအရ ရင်းနှီးမြှုပ်နှံသူတွေကတော့ တသမတ်တည်းဖြစ်တဲ့ အစုပေါ်အမြတ်နဲ့ အတိုးကိုပဲ စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သုံးလို့ရမယ့် ငွေကြေးကို လိုတာပါ။ သူတို့က ဒါကို ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်ခြေကို ကန့်သတ်တဲ့ ဗျူဟာတစ်ခု ဒါမှမဟုတ် နှစ်မျိုးလုံးအနေနဲ့ မြင်တာပါ။ ဝင်ငွေပိုင်းအရ ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုး ကွဲနေတာကတော့ အစုပေါ်အမြတ် တိုးလာတာကို ဖြစ်စေတဲ့ စတော့တွေကို ရင်းနှီးမြှုပ်နှံမှုပါပဲ။


အမြတ်ငွေအရ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ ရတဲ့ ဝင်ငွေလမ်းကြောင်းတွေကို စိတ်မပူကြဘဲ အဲဒီအစား ရေရှည်မှာ အကောင်းဆုံးဈေးကို ရစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ရှာကြပါတယ်။


၈။ စည်းကမ်းရှိပါ။


ကိုယ်က ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သေချာစဉ်းစားပြီး ကောင်းကောင်းဆွဲထားတဲ့ အစီအစဉ်အတိုင်း စည်းကမ်းတကျ လုပ်ဆောင်ပါ။ စိတ်လှုပ်ရှားတာမျိုး ရေတို ဈေးကွက်လှုပ်ခတ်တာတွေနဲ့ သတင်းကြီးအောင် လုပ်ပြီး ကြောက်စိတ်သွင်းတဲ့ သတင်းမီဒီယာတွေကို တုန်လှုပ်တာမျိုး မဖြစ်အောင် ကြိုးစားပါ။ ပြီးတော့ ဈေးကွက်ပညာရှင်တွေရဲ့ ကြေညာချက်တွေကိုလည်း ခန့်မှန်းချက် တိကျတဲ့ မှတ်တမ်းတွေ အများကြီး မရှိခဲ့ဘူးဆိုရင် အတည်တကျ မမှတ်ယူပါနဲ့။ ခန့်မှန်းချက် တိကျတဲ့ မှတ်တမ်း အများကြီး ရှိတဲ့သူ မရှိသလောက်ပါပဲ။


၉။ ပိုင်ရှင် (သို့) ချေးငှားသူကဲ့သို့ တွေးတောဆင်ခြင်ပါ။


စတော့တွေက စီးပွားရေး လုပ်ငန်းမှာ ပိုင်ဆိုင်မှု ရှယ်ယာတွေ ဖြစ်ပါတယ်။ ဘွန်းတွေဆိုတာ ရင်းနှီးမြှုပ်နှံသူတွေကနေ ဘွန်းထုတ်ပေးသူကို ထုတ်ချေးတဲ့ ချေးငွေကို ကိုယ်စားပြုပါတယ်။ ကိုယ်က ရေတိုဈေးကစားတဲ့ သူထက် ကျွမ်းကျင်လိမ္မာတဲ့ ရေရှည် ရင်းနှီးမြှုပ်နှံသူ ဖြစ်ချင်တယ်ဆိုရင် စတော့မဝယ်ခင်မှာ လုပ်ငန်းပိုင်ရှင်အနေနဲ့ စဉ်းစားပါ ဒါမှမဟုတ် ဘွန်းမဝယ်ခင် ကြီးပွားနိုင်တဲ့ ချေးငှားသူအနေနဲ့ စဉ်းစားပါ။ သင်က အဲဒီလုပ်ငန်းရဲ့ တွဲဘက်ပိုင်ရှင်ဖြစ်ချင်တာလား ဘွန်းထုတ်တဲ့သူရဲ့ အကြွေးရှင်ဖြစ်ချင်တာလား။


၁၀။ နားမလည်ဘူးဆိုရင် ရင်းနှီးမြှုပ်နှံမှု မလုပ်ပါနဲ့။


ရှုပ်ထွေးပြီး အသစ်ပေါ်လာတဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေနဲ့ စီးပွားရေး မော်ဒယ်တွေ များလာတာနဲ့အမျှ ဒီနေ့ခေတ်ရဲ့ အသစ်စပြီး လုပ်ကိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ အပြည့်အဝ နားမလည်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ရွေးချယ်စရာ အများကြီးနဲ့ ရင်ဆိုင်လာရပါတယ်။ ရွေးချယ်မှုရဲ့ ရိုးရှင်းကောင်းမွန်တဲ့ စည်းမျဉ်းကတော့ ကိုယ်အပြည့်အဝ နားမလည်တဲ့ ရင်းနှီးမြှုပ်နှံမှုကို မလုပ်ဖို့ပါပဲ။ အထူးသဖြင့် ဆုံးရှုံးနိုင်ခြေတွေနဲ့ ပတ်သက်ရင်ပေါ့။ ကြောင်းကျိုးဆက်စပ်ချက်တစ်ခုက ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ ပေါ်ပင်သမားတွေကို သတိထားပြီး ရှောင်ဖို့ပါပဲ၊ အများစုက အချိန်ရဲ့ စမ်းသပ်မှုကို မခံနိုင်ကြပါဘူး။

အကြံပေးချက်။ ။အပြည့်အဝနားမလည်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှောင်ကြဉ်ပါ။ မမြင်ရတဲ့ အန္တရာယ်ကြီးတွေနဲ့ လာတတ်ပါတယ်။


ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဘာတွေ သိထားရမလဲ။


ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ မျှော်မှန်းချက်တွေက ဘာလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ အနားယူဖို့ ငွေစုတာဖြစ်ဖြစ် အိမ်ဝယ်ဖို့ ဖြစ်ဖြစ် စီးပွားရေးလုပ်ဖို့ပဲဖြစ်ဖြစ် ကိုယ်ဘာအတွက် လုပ်နေတယ်ဆိုတာ သိတာက ကိုယ့်ရည်မှန်းချက်တွေကို ရနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှု တစ်ခုကို ရွေးလို့ရစေပါတယ်။ ရင်းနှီးမြှုပ်နှံမှု အကြောင်း အခြေခံအချက်တွေ ဖြစ်တဲ့ ဆုံးရှုံးနိုင်ခြေ၊ ဝန်ဆောင်ခ၊ စရိတ်နဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာတွေကို သိထားပြီး ကိုယ်လုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုကို နားလည်ဖို့ကလည်း အရေးကြီးပါတယ်။


ရင်းနှီးမြှုပ်နှံမှု အမျိုးအစား လေးခုက ဘာတွေလဲ။


ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိပေမယ့် အဓိက အမျိုးအစား လေးခုကတော့ စတော့၊ ဘွန်း၊ စုငွေနဲ့ လဲလှယ်ငွေတွေပါပဲ။ စတော့တွေက ကုမ္ပဏီတစ်ခုရဲ့ ပိုင်ဆိုင်မှု ရှယ်ယာတွေပါ။ ဘွန်းတွေကတော့ ရင်းနှီးမြှုပ်နှံသူကနေ ဘွန်းထုတ်သူကို ထုတ်ချေးတဲ့ ချေးငွေပါပဲ။ ဘွန်းထုတ်သူက စာချုပ်ပြည့်ချိန်မှာ အရင်းငွေနဲ့ ဘွန်းကာလအလိုက် အတိုးကို ထုတ်ပေးမယ်လို့ ကတိထားရပါတယ်။ စုငွေကတော့ ရင်းနှီးမြှုပ်နှံသူတွေ အများကြီးက သူတို့ပိုက်ဆံတွေကို စတော့နဲ့ တခြားလုံခြုံတဲ့ ပိုင်ဆိုင်မှုတွေ ဝယ်ဖို့ ပိုက်ဆံတူတူ စုကြတဲ့ ရန်ပုံငွေပါ။ ETF ကတော့ စုငွေလိုပဲဖြစ်ပေမယ့် နိုင်ငံစတော့ ဈေးကွက်တွေမှာ ရောင်းဝယ်ကြတာပါ။


ရင်းနှီးမြှုပ်နှံမှု စဖို့ ဒေါ်လာ ၁၀၀ က လုံလောက်ရဲ့လား။


အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှု စဖို့ ပိုက်ဆံ အများကြီးရှိရမယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေက သတ်မှတ်ချက် အနိမ့်တွေရှိပြီး ရင်းနှီးမြှုပ်နှံသူ အသစ်တွေကို ခရီးစတင်ဖို့ အခွင့်အရေး ပေးနေပါတယ်။ ဒေါ်လာ ၁၀၀ နဲ့ အောက်ကနေ စပြီးတောင် ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရပါတယ်။ ဥပမာပြောရရင် စတော့ ရှယ်ယာတွေ အပိုင်းရှယ်ယာတွေ ဝယ်တာ၊ ကိုယ့်ရည်မှန်းချက်ပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံဖို့ စက်ရုပ်အကြံပေးစက်ကို သုံးတာ၊ အနားယူဖို့ အစီအစဉ် ဆွဲတာ ဒါမှမဟုတ် စုငွေထဲမှာ ထည့်ဝင်တာတွေ လုပ်လို့ရပါတယ်။ လုပ်စရာတွေက အများကြီးပါပဲ။


မှတ်သားစရာ


ရင်းနှီးမြှုပ်နှံသူ အသစ်တစ်ယောက်အနေနဲ့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဗျူဟာကို ရွေးချယ်တာက ကြောက်စရာကောင်းပါတယ် ပြီးတော့ ဆက်လုပ်ဖို့ အကြံဉာဏ်ကလည်း ဘယ် ရင်းနှီးမြှုပ်နှံမှုကို လုပ်ရမလဲဆိုတာကို ရွေးရသလို များပြားလွန်းလှပါတယ်။ အဆိုပြုချက်တွေ အများကြီးရှိပေမယ့် ကိုယ့်ဗဟုသုတကို တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ့်ရည်မှန်းချက်ကို ကောင်းကောင်းနားလည်တာက ကိုယ်လိုချင်တဲ့ ရလဒ်တွေ ရလာဖို့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အဓိကသော့ချက်ပါပဲ။


ဖြည့်စွက်ချက် - စံပြဖတ်စာတစ်အုပ်


ရင်းနှီးမြှုပ်နှံသူ အသစ်တစ်ယောက်အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်ရှိတယ်ဆိုရင် အဲဒီစာအုပ်က Charles Mackay ရေးတဲ့ “Extraordinary Popular Delusions and the Madness of Crowds” စာအုပ်ပါပဲ။ ၁၈၄၁ မှာ Scottish သတင်းစာသမားတစ်ယောက်က ရေးခဲ့ပြီး အဲဒီစာအုပ်က လူထုစိတ်ပညာကို လေ့လာထားတဲ့ ပညာသားပါတဲ့ စာအုပ်ပါ။ ပထမ အခန်းသုံးခန်းဖြစ်တဲ့ "The Mississippi Scheme," "The South-Sea Bubble," နဲ့ "The Tulipomania," အခန်းတွေက ဘေးဒုက္ခဖြစ်စေခဲ့တဲ့ ငွေကြေးဖြစ်ရပ်တွေကို ရေးသားထားပြီး ဒီနေ့ခေတ်ရဲ့ ငွေကြေးပုံစံတွေ ဈေးနှုန်းဖောင်းပွမှုတွေနဲ့ စီးပွားကပ်တွေကို မီးမောင်းထိုး ပြသွားပါတယ်။ ဒါကြောင့်လည်း ဒီအခန်းတွေကို ဒီနေ့ခေတ်ရဲ့ ငွေကြေးဆိုင်ရာ စာရေးဆရာတွေက ကိုးကားနေကြတုန်းပါပဲ။


1,067 views2 comments

2 Comments


tpmaung74
Jun 12, 2023

စိတ် ဝင်စားတယ် ဒါေပမဲ့စာမတတ်ဘူး ဘာမှနားမလည်ဘူး

Like
Ta Ang
Ta Ang
Apr 22
Replying to

နာမလည်ဝင်မလုပ်တာကောင်းတယ်အရင်လေ့လာကျနောတောင်ပါသွားတာများပြီ

Like
bottom of page